သယံဇာတကျိန်စာ၊ ခုခံစစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ကုစားဖို့ လမ်းစပျောက်ဆုံးသွားပြီလား

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအားလုံး ရပ်တန့်သွားခဲ့ရပြီး ပြန်လည်အဖက်ဆယ်ဖို့ ခက်ခဲတဲ့ သဘာ၀သယံဇာတ ဆုံးရှုံးမှု၊ သစ်တောပြုန်းတီးမှုနဲ့ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုတို့ဆီသာ ဦးတည်သွားခဲ့ပါတယ်။ သယံဇာတ ထုတ်လုပ်မှုများရဲ့ လားရာဟာလည်း တရုတ်နိုင်ငံသို့သာ အများဆုံးဖြစ်နေခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကချင်အမျိုးသား ဒိုင်ခေါင်ဟာ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်ဒုက္ခသည် စခန်းတခုမှာ နေခဲ့ရပါတယ်။ စခန်းမှာ နှစ်နှစ်ကျော်နေခဲ့ပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာတော့ ပန်ဝါဒေသမှာရှိတဲ့ မြေရှားသတ္တုထူးဖော်ရေးလုပ်ငန်းခွင်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒါကလည်း ဒုက္ခသည်စခန်းထဲက မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ပါ။

မိုးကုတ်မြို့နယ်တွင် မိုင်းခွဲသည့်လုပ်ကွက်တစ်ခုကို ဝေဟင်မှမြင်ကွင်း။ Photo: Mizzima
မိုးကုတ်မြို့နယ်တွင် မိုင်းခွဲသည့်လုပ်ကွက်တစ်ခုကို ဝေဟင်မှမြင်ကွင်း။ Photo: Mizzima

ပန်ဝါဆိုတာ ကချင်ပြည်နယ်မြောက်ပိုင်း၊ ချီဖွေမြို့နယ်ထဲကဖြစ်ပြီး နေပြည်တော်ရဲ့သစ္စာခံ ဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူစစ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့နေရာပါ။ နောက်ပြီး အဲ့ဒီဒေသဟာ မြန်မာရဲ့ မြေရှားထုတ်လုပ်မှုအမြင့်ဆုံးသောနေရာဒေသတွေထဲက တခုဖြစ်ပြီး အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံက အသည်းအသန်လိုအပ်နေတဲ့ မြေရှားအတွက်လည်း အရေးကြီးတဲ့နေရာဖြစ်ပါတယ်။

ဒီလို မြေရှားထုတ်လုပ်နေတာတွေဟာ ကချင်ဒေသခံပြည်သူတွေအဖို့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေအပြင် ဘ၀နေထိုင်မှုကိုပါထိခိုက်စေတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့ကြပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်လုပ်မှုတွေက ပိုမိုများပြားလာခဲ့ပါတယ်။

တရက်လုပ်ခ ယွမ် ၁၀၀ ဆိုတဲ့ ဒိုင်ခေါင်နေ့စားခက မိသားစုစားဝတ်နေရေးအတွက် တဒင်္ဂအဖြေသာဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါးလ ဝန်းကျင်သာ အလုပ်လုပ်ခဲ့ရလို့ပါ။ မေ ၂၉  ရက်မှာတော့ ဒိုင်ခေါင် အလုပ်လုပ်နေတဲ့ မြေရှားလုပ်ကွက် ပြိုကျပြီး သူလည်းတွင်းထဲမှာ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနေ့က ပျောက်ဆုံးသွားသူတွေထဲမှာ တရုတ်နိုင်ငံသားအလုပ်သမားတချို့လည်း ပါဝင်ခဲ့ပါတယ်။ အလောင်း ငါးလောင်းပဲ ပြန်ရပြီး လူ ၁၂ ဦး သေဆုံးတယ်လို့သာ တာဝန်ရှိသူ တရုတ်အကြီးအကဲတွေက စာရင်းသွင်းခဲ့ပါတယ်။

“သူ သေတယ်လို့ သတင်းလှမ်းပေးတယ်။ သူတို့ဘက်ကပြောတာတော့ မိုးတွေအရမ်းရွာတယ်တဲ့ အဲ့နေ့က။ သူက အရမ်းလိမ္မာတဲ့ ကလေးပါ။ မိဘကိုလည်း ကူတယ်” လို့ ဒိုင်ခေါင်ရဲ့ အစ်မဖြစ်သူ ဒိုင်နော်က မဇ္ဈိမ ကို ပြောပါတယ်။ ဒိုင်ခေါင်တို့ မိသားစုမှာ ဖခင်၊ မိခင်၊ အစ်မနဲ့ ညီငယ်လေးတဦး ကျန်ရစ်ခဲ့ပါတယ်။ သူတို့ အားလုံးလည်း အခုတော့ စစ်ရှောင်ဒုက္ခသည်စခန်းထဲမှာ နေရဆဲဖြစ်လို့ ဒိုင်ခေါင်ရဲ့ အသုဘကို မလုပ်ပေးနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

အာဏာသိမ်းခြင်းနောက် သယံဇာတနှင့် ခုခံစစ်

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ သဘာ၀သယံဇာတ စီမံခန့်ခွဲမှုဟာ သိသိသာသာ ပိုမိုပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ယိုင်နဲ့နေခဲ့ပြီး အာဏာမသိမ်းခင်အချိန်ကာလများက အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ဆဲ၊ လုပ်ဆောင်နေဆဲဖြစ်တဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးကိစ္စတွေဟာလည်း ပျက်စီးသွားခဲ့ပါတယ်။ အာဏာသိမ်းတာကိုကန့်ကွက်တဲ့ နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်ကောင်စီက လက်နက်နဲ့ဖြိုခွင်းမှုတွေအပြီး လူငယ်အများအပြားဟာ လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံအနှံ့အပြားမှာ ပေါ်ထွက်လာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ကြီး၊ အဖွဲ့ငယ် အရေအတွက်ဟာ ၉၀၀ နီးပါး ရှိလာခဲ့ပြီလို့ နိုင်ငံရေးဆိုင်ရာ သုသေသနအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

“စစ်တပ်ကို တိုက်တော့ ငွေလိုတယ်လေ။ ပြည်သူတွေ လှူကြတာလည်း မှီခိုရတာပေါ့။ ကိုယ်အုပ်ချုပ်ထားတဲ့ နေရာတွေကနေ ရပေါက်ရလမ်းတွေလည်း ရှာကြရတာပေါ့။ အဓိက အရေးက စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးဖြစ်နေတယ်” လို့ လက်ရှိစစ်အာဏာရှင်တော်လှန်ရေးရဲ့ ခုခံစစ်ထဲမှာ ပါဝင်လုပ်ဆောင်နေသူတဦးက မဇ္ဈိမကို ပြောပါတယ်။  အဲ့ဒီအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာတွေ၊ သင်တန်းပေးတာတွေကို တာဝန်ယူကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီးတွေရဲ့ ငွေကြေးလိုအပ်မှုတွေနဲ့ သယံဇာတထုတ်လုပ်မှုတွေဟာ ချိတ်ဆက်နေတယ်လို့လည်း သူက ဆိုပါတယ်။

အရင်က ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြားမှာ သိုသိုသိပ်သိပ်လုပ်ခဲ့ကြတဲ့ မြေရှားသတ္တုတူးဖော်မှုဟာ အခုမှာတော့ ပြောင်ကိုပဲလုပ်နေခဲ့ကြပါတော့တယ်။ အရင်က မြန်မာစစ်တပ်ရဲ့လက်အောက်ခံ ကချင်ပြည်သူ့စစ်တွေကသာ မြေရှားထုတ်လုပ်မှုကို လုပ်ခဲ့ကြပေမဲ့ အခုအခါမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) အနေနဲ့ပါ ထုတ်လုပ်မှုတွေမှာပါဝင်နေခဲ့တာဖြစ်လို့ ကချင်ဒေသခံတွေက ကန့်ကွက်မှုတွေ၊ ခေါင်းဆောင်တွေအပေါ်ဖိအားပေးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုသယံဇာတရောင်းချ ခြင်းဟာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် လိုအပ်တဲ့အရာဖြစ်တယ်လို့ ယူဆချက်ကြီးကြီးမားမားရှိလာတဲ့ အခါ ကချင်ဒေသခံသဘာ၀ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေလည်း မတတ်သာလို့ လက်ပိုက်ကြည့်ရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကောက်အခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China – GACC) ရဲ့ ပြီးခဲ့တဲ့ လေးနှစ်တာ မှတ်တမ်းတွေအရ မြန်မာဟာ တရုတ်ဆီ မြေရှားတင်သွင်းတဲ့ ထိပ်တန်းနိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ တရုတ်အရေးကို အထူးပြုလေ့လာနေတဲ့  ISP – Myanmar ရဲ့ အချက်အလက်တွေအရတော့ မြန်မာဟာ ၂၀၁၇ ခုနှစ်ကနေ အခုအချိန်ထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံတန်ဖိုးရှိတဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံထံ ရောင်းချခဲ့ပြီး အဲဒီအထဲက  နှစ်ဘီလီယံဝန်းကျင်တန်ဖိုးဟာ စစ်အာဏာသိမ်းပြီးမှ ရောင်းချခဲ့တာလို့ သိရပါတယ်။  အာဏာသိမ်းမှုမတိုင်ခင်က ကချင်ပြည်နယ်မှာ မြေရှားလုပ်ကွက်ပေါင်း ၁၁၄ လုပ်ကွက် ရှိခဲ့တာကနေ လက်ရှိအချိန်မှာတော့ လုပ်ကွက်ပေါင်း ၃၄၀ ကျော်အထိ ရှိလာပါတယ်။

“စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ဖို့ဆိုတဲ့ အရေးကိစ္စမှာ လက်နက်လိုတယ်။ ပိုက်ဆံလိုတယ်ပေါ့။ ကျွန်တော်တို့ အမြင်မှာတော့ အဲ့ဒီအခြေအနေက တပိုင်း။ သယံဇာတတွေ ပျက်ဆီးသွားပြီး နောင်ဆို မြန်မာနိုင်ငံမှာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ ပိုခံစားလာရမယ်ဆိုတာ သတိပြုစေချင်တာပါ။ အခုလည်း ကချင်နဲ့ တခြားနေရာတွေမှာပါ ဖြစ်နေပါပြီ” လို့ အမည်မဖော်လိုသူ သဘာ၀ပတ်ဝန်းကျင်ပညာရှင်တဦးက မဇ္ဈိမကိုပြောပါတယ်။

ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္တု လုပ်ကွက်တခုဖြစ်လာမည့် တောင်ကို ၂၀၂၁ ခုနှစ် မတ်လတွင် မြင်ရပုံ. 
ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္တု လုပ်ကွက်တခုအဖြစ်အသွင်ပြောင်းသွားသည့် တောင်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လတွင် မြင်ရပုံ.  Photos: Mizzima
 ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္တု လုပ်ကွက်များအစုအဝေးဖြစ်လာမည့် တောင်ကြောကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်တွေ့ရစဥ်. 
ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္တု လုပ်ကွက်များအစုအဝေးအဖြစ်အသွင်ပြောင်းသွားသည့် တောင် ကြောကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တွင်တွေ့ရစဥ်. Photos: Mizzima
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်နှစ်ထက်တစ်နှစ်တင်ပို့သည့် ရှားပါးမြေတွင်းထွက်သတ္တု တန်ချိန်များစွာရှိသည်။
 မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်နှစ်ထက်တစ်နှစ်တင်ပို့သည့် ရှားပါးမြေတွင်းထွက်သတ္တု တန်ချိန်များစွာရှိသည်။. Graphic: Mizzima

တရုတ်အတွက် ဘာကြောင့်မြေရှားက အရေးပါသလဲ

ကချင်ပြည်နယ်မှာ မြေရှားသတ္တုကို ချီဖွေ၊ မိုးမောက်၊ မန်စီစတဲ့ မြို့နယ်တွေမှာ အဓိကအားဖြင့် တူးဖော်ကြပါတယ်။ ဂြိုလ်တုကနေ ရိုက်ယူတဲ့ ကောင်းကင်ဓာတ်ပုံတွေအရ ချီဖွေမြို့နယ်ထဲမှာ သဘော၀ပတ်ဝန်းကျင် ရုပ်ပျက်ဆင်းပျက် ပျက်စီးနေတဲ့ မြေရှားလုပ်ကွက်တွေကို တွေ့မြင်ရပါတယ်။ စမတ်ဖုန်း၊ မော်တော်ကားကနေ စစ်ဘက်ဆိုင်ရာကုန်ထုတ်လုပ်မှုတွေအထိ အသုံးဝင်နေတဲ့ မြေရှားဟာ တရုတ်အတွက်တော့ ရသလောက်ဝယ်ယူနေမယ့် သတ္တုရတနာဖြစ်နေပါတယ်။ တဘက်မှာလည်း တရုတ်ဟာ နိုင်ငံတကာကို မြေရှားတင်ပို့ရောင်းချတဲ့နေရာမှာလည်း  ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်နေတယ်။ တရုတ်ဟာ ကမ္ဘာကို နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပါဝါ၊ ဩဇာတည်ဆောက်တဲ့ ကစားကွက်မှာ မြေရှားတင်ပို့နိုင်မှုကလည်း အကြောင်းတစ်ရပ်ဖြစ်တယ်။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း တရုတ်က တခြားနိုင်ငံတွေကဆီက ဝယ်ယူခဲ့တဲ့ မြေရှားသတ္တုအားလုံးရဲ့ ၈၀ ရာခုန်နှုန်းဟာ မြန်မာက ဖြစ်နေခဲ့တာပါ။

သူက မြန်မာနိုင်ငံလို ဖွံ့ဖြိုးဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံငယ်တွေဆီကနေ လူမှုဘ၀တွေကို ပျက်စီးစေတဲ့ မြေရှားကို ဂုတ်သွေးစုပ် ဝယ်တယ်။ ပြီးတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကိုကျတော့ သံခင်းတမံခင်းအရရော၊ စီးပွားရေးအရရော အသာစီးယူတာတွေကို လုပ်တယ်” လို့ တရုတ်မြန်မာဆက်ဆံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးက မဇ္ဈိမကိုပြောပါတယ်။

မြေရှားသတ္တု၊ ဒေသခံ၊ တာဝန်ရှိသူတို့ကြား ပဋိပက္ခ

လက်ရှိ စစ်ကောင်စီက ထောင်ချချုပ်နှောင်တာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဦးဆောင်ခဲ့တဲ့ ကာလတွေထဲမှာပဲ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံရဲ့ သဘာ၀သယံဇာတနဲ့ သဘာ၀ပတ်ဝန်း ကျင်ဆိုင်ရာအရေးကိစ္စတွေအတွက် ဝေဖန်ထောက်ပြမှုတွေ၊ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မြေရှားကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဘက်-အရပ်ဘက်အာဏာခွဲဝေအုပ်ချုပ်မှုအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဟာ မြေရှားနဲ့ ပတ်သက်ရင် မကိုင်တွယ်နိုင်ခဲ့ပါဘူး။ ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့နေရာဖြစ်ပြီး စစ်တပ်နဲ့အကျိုးတူလုပ်ကိုင်နေတာတွေကြောင့် အရပ်သားအစိုးရရဲ့ ဩဇာသက်ရောက်မှု မရှိသလောက်ကို အားနည်းခဲ့ပါတယ်။  အခုတော့ ပိုမိုဆိုးရွားတဲ့အခြေအနေဆီ ရောက်လို့ လာခဲ့ပါတယ်။ အရင်က ကချင်ဒေသခံတွေရဲ့ စကားကို နားထောင်ပြီး မြေရှားတူးဖော်မှုကို မလုပ်ခဲ့တဲ့ KIA/KIO အနေနဲ့လည်း အခုအချိန်မှာ သူရဲ့ ထိန်းချုပ်နယ်မြေတွေမှာ မြေရှားတူးဖော်မှုတွေကို ပေါ်တင်ပဲ လုပ်လာခဲ့ပါတယ်။

“ တောင်တွေ အားလုံးကို ဖောက်ပြီးလုပ်ကြတဲ့အခါကျတော့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးတာပေါ့။ အရင်ကစီးတဲ့ ချောင်းတွေက ရေတွေနောက်သွားတယ်။ မစီးဆင်းတော့တာတွေလည်း ဖြစ်တယ်” လို့ ပန်ဝါဒေသခံ ဦးတိန့်ဘောမ့်က မဇ္ဈိမကိုပြောပါတယ်။ “မြေတွေကတော့ တော်တော်တော့ ပျက်စီးသွားပြီပေါ့။ ပန်ဝါမြို့ မြေပုံကို အပေါ်က ကြည့်ရင် ယားနာဖြစ်နေတဲ့ တင်ပါးလို ဖြစ်နေပြီ” လို့ သူက ဆက်ပြောပါတယ်။

အခြေအနေဆိုးထဲမှာ ဒိုင်ခေါင်လို အသက်ပေးခဲ့ရတဲ့ နောက်ထပ်ကချင်လူငယ်တယောက်ကတော့ ၁၆ နှစ်အရွယ် ရှန်တူးပါ။ သူက သတ္တမတန်းကျောင်းသားဖြစ်ပြီး  ၁၆ နှစ် အရွယ်သာရှိသေးပေမဲ့ မြေရှားလုပ်ကွက်မှာ အလုပ်သွားလုပ်ခဲ့တာ လပိုင်းအကြာမှာပဲ ဖျားနာပြီး သေဆုံးသွားပါတယ်။

“အကုန်လုံးကတော့ မြေရှားတူးတဲ့နားက ရေတွေ သောက်မိလို့ ဆုံးရတာလို့ ပြောကြတယ်။ တခြားသူတွေလည်း အဲ့လိုဖြစ်တာတွေ ရှိတယ်တဲ့လေ။ သားလေးတယောက်ဆုံးတဲ့ ခံစားချက်က ပြောမပြတတ်အောင်ပဲ” လို့ မိခင်ဖြစ်သူက မဇ္ဈိမကို ပြောပါတယ်။

မြေရှားထုတ်လုပ်မှု လုပ်ကွက်တွေ များလာတဲ့နောက် ကြုံတွေ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ချီဖွေမြို့နယ်၊ ဖရဲဒေသံခံတဦးကတော့ သူတို့အနေနဲ့ ကြက်၊ ဝက်၊ ကျွဲ၊ နွားစတဲ့ အိမ်မွေးတိရစ္တာန်တွေကို အရင်ကလို လွှတ်ကျောင်းလို့ မရတော့ဘူးလို့ ဆိုပါတယ်။ လွှတ်ကျောင်းလိုက်ရင် မြေရှားထုတ်လုပ်မှုဘက်ကလာတဲ့ ဓာတုဓာတ်တွေရောနေတဲ့ရေတွေ သောက်မိပြီး သေဆုံးကုန်တယ်လို့လည်း ဆိုပါတယ်။ “စိုက်ပျိုးရေးရော၊ မွေးမြူရေးရော မရတော့ဘူး။ နှစ်ရှည်ပင်တွေလည်း စိုက်လို့ မရတော့ဘူး။ ဒီမှာတော့ အသက်ရှင်ဖို့ တော်တော်ခက်နေပြီ” လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ်သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားတဲ့ Tank အဖွဲ့ခေါင်းဆောင် ဦးခေါင်ဇောင်းကလည်း မြေရှားသတ္တု ပိုတိုးထုတ်လာတာဟာ ပြဿနာတွေ ပိုကြီးလာတယ်လို့ ပြောပါတယ်။

ဟိုအရင်ကတော့ (တူးတဲ့အခါမှာ) သူတို့ သုံးတဲ့ ဓာတုပစ္စည်းတွေကြောင့် ပြဿနာဖြစ်တာ များတာ။ အခုက သဘာ၀ပတ်ဝန်းကျင်ပြဿနာတွေလည်း များလာတယ်။ ပြည်သူတွေရဲ့ ခြံတွေထဲမှာ ဝင်တူးတာလည်း များလာတယ်။ အဲဒါကြောင့် ဆန္ဒပြတာတွေ များလာတာ။ အခြေအနေက ပိုဆိုးလာလို့ပေါ့” လို့ သူက ဆိုပါတယ်။

မြေရှားသတ္တုတူးဖော်မှုကို အဓိကအားဖြင့် လုပ်ကိုင်နေတဲ့ ချီဖွေ၊ မိုးမောက်၊ မန်စီ မြို့နယ် သုံးခုမှာ နေထိုင်သူ ဒေသခံပြည်သူပေါင်း ၁၅၀,၀၀၀ ဝန်းကျင်ရှိနေတာဖြစ်ပြီး သူတို့ရဲ့ ဘ၀နေထိုင်မှုအပေါ် သက်ရောက်မှုကြီးတယ်လို့ သဘာ၀ပတ်ဝန်းကျင်လေ့လာသူတွေက ဆိုပါတယ်။

 ချီဖွေ မြို့နယ်ရှိ မြေရှားလုပ်ငန်းခွင်တခုအားတွေ့ရစဥ် (၁)
ချီဖွေ မြို့နယ်ရှိ မြေရှားလုပ်ငန်းခွင်တခုအားတွေ့ရစဥ် (၂). Photos: Mizzima

စစ်ကိုင်း၊ ခုခံစစ်နဲ့ သစ်တောပြုန်းတီးမှု ပြဿနာ

အိမ်တွေ မီးလောင်လိုက်၊ စစ်တပ်က ဝင်စီးလို့ ပြေးရလိုက်နဲ့ လူတွေလည်း ပုံမှန်လုပ်နေတဲ့ စိုက်ပျိုးရေးနဲ့ တခြားအလုပ်တွေ လုပ်ဖို့ ခက်ခဲလာတယ်ဗျ။ အဲတော့ သူတို့တွေက နီးစပ်ရာတွေက သစ်တွေကို ခုတ်၊ ဝယ်လက်ရှိတဲ့ ပွဲစားတွေဆီ ရောင်းပြီး စားဝတ်နေရေးဖြေရှင်းရတာတွေ ရှိလာတယ်” လို့ စစ်တပ်အာဏာသိမ်းပြီးနောက် သစ်တောဌာနကနေ CDM လုပ်ခဲ့တဲ့ အရာရှိဟောင်းတဦးဖြစ်တဲ့ ကိုထွန်းထွန်း (အမည်လွှဲ) က ပြောပါတယ်။

စစ်ကိုင်းရဲ့ နာမည်ကြီး သစ်ထွက်ရာနေရာတွေဖြစ်တဲ့ ယင်းမာပင်၊ မော်လိုက်၊ ကသာ၊ ကလေး၊ ဗန်းမောက်၊ ဝန်းသို၊ ချောင်းဦးစတဲ့နေရာတွေဟာ ၂၀၂၀ ပြည့်နှစ်အထိ သစ်ခိုးထုတ်မှုတွေ ရှိနေခဲ့တာဆိုပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ သစ်တောပြုန်းတီးမှုဟာ အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ကျွန်းသစ်နဲ့ သစ်မာပင်တွေနဲ့ တမလန်းသစ်တွေဟာ အဆိုပါဒေသတွေရဲ့ နာမည်ကျော်ထွက်ကုန်တွေဖြစ်ပြီး တရုတ်နိုင်ငံရဲ့ သစ်လိုအပ်ချက်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ သစ်တွေလည်း ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ သစ်တောတွေ ထိန်းသိမ်းဖို့ ကြိုးစားခဲ့တဲ့ မူဝါဒတွေဟာ အာဏာသိမ်းလို့ သစ်တောအရာရှိတွေ အာဏာသိမ်းစစ်အုပ်စုနဲ့မပူးပေါင်းအလုပ်မဆင်းတဲ့ (CDM )လုပ်ခဲ့အခါ ရပ်တန့်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ဘက်က သစ်တောရေးရာစီမံခန့်ခွဲရေးထဲ ထဲထဲဝင်ဝင်ရောက်ခဲ့တဲ့အခါ သစ်ထုတ်လုပ်မှုဟာ စာရင်းပျောက် အဆမတန်ဖြစ်လာခဲ့ပါတော့တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ခုခံစစ်အတွက် လိုအပ်တဲ့လက်နက်တွေနဲ့ ရိက္ခာတွေ ဝယ်နိုင်ဖို့ ကြိုးစားရှာဖွေကြရာမှာ ဒီသစ်ထုတ်လုပ်မှုတွေနဲ့ ပတ်သက်လာရတယ်လို့ စစ်ကိုင်းဒေသခံတွေက ဆိုပါတယ်။

“သစ်က တော်တော်ထုတ်တာ။ အဖွဲ့တွေတော့ အကုန်ပါတာပဲ။ ဂိတ်တွေက PDF (ပြည်သူ့ကာကွယ်ရေးတပ်) ဂိတ်တွေ၊ စစ်တပ်ဂိတ်တွေပေါ့။ တဂိတ်ဖြတ်တိုင်း ငါးသိန်းကနေ ဆယ်သိန်းအထိ ပေးရတယ်။ မုံရွာနဲ့ မန္တလေးက ပွဲစားတွေပဲ လုပ်တာ” လို့ စစ်ကိုင်းဒေသခံတဦးက မဇ္ဈိမကို ပြောပြပါတယ်။

ကမ္ဘာ့သစ်တောလေ့လာစောင့်ကြည့်ရေးအဖွဲ့ (GFW) ရဲ့ အဆိုအရ  အာဏာသိမ်းတဲ့နေ့ဖြစ်တဲ့  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက်အထိ မြန်မာနိုင်ငံအတွက် သစ်တောပြုန်းတီးမှုဆိုင်ရာ သတိပေးသည့်အကြိမ်ရေ သိန်း ၃၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် သစ်ထုတ်လုပ်မှုအနေအထားကို မှန်းဆနိုင်မယ်လို့လည်း သဘာ၀ပတ်ဝန်းကျင်လေ့လာသူတွေက ထောက်ပြပါတယ်။

အခုဆိုရင်မြန်မာနိုင်ငံရဲ့ စုစုပေါင်း မြို့နယ် ၃၃၀ မှာ ၂၂၀ ကျော်ဟာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ချောင်းမြောင်းပစ်ခတ်မှုစတဲ့ အခြေအနေ တခုမဟုတ် တစ်ခုနဲ့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ စစ်ကိုင်းမှာ ၄၅ မြို့နယ်ရှိတဲ့အထဲက ၁၉ မြို့နယ်ဟာလည်း စစ်ဘေးအန္တရာယ်အောက်ကို ကျရောက်နေခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားရာနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ နေအိမ်တွေ ရွာတွေကို မီးရှို့တာတွေ စစ်ကောင်စီတပ်က လုပ်နေခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ နေအိမ်ပေါင်း ၉၀,၀၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရတဲ့အထဲမှာ စစ်ကိုင်းက ၆၀,၀၀၀ဝန်းကျင်ဖြစ်တယ်လို့ Data for Myanmar အဖွဲ့အစည်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့စစ်ကိုင်းအတွက် သဘာ၀ပတ်ဝန်းကျင်နဲ့ သစ်တောတွေကို ဂရုစိုက်နိုင်ဖို့ထက် လူတွေ မသေအောင်ဘဲ ပိုဂရုစိုက်နေရတယ်လို့ စစ်ကိုင်းပြည်သူ့အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက မဇ္ဈိမကို ပြောပါတယ်။ “လက်နက်ရဖို့က မလွယ်ဘူးဗျ။ ဒီလိုပဲ ရုန်းကန်ကြရတာ။ အရင်က သစ်ကုန်သည်တွေထဲက တချို့ဆို သေနတ်နဲ့ သစ်နဲ့ လဲပေးတာမျိုး ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။ အကုန်တော့မဟုတ်ဘူး။ သစ်က တရုတ်ကို အများဆုံး သယ်နေတာ။ သစ်တောတွေ ကုန်တာတွေတော့ ဝမ်းနည်းတယ်ဗျာ။ ပြီးမှ ပြန်တည်ဆောက်ကြတာပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

ဒီသစ်ထုတ်လုပ်မှုတွေဟာ ဒီနေရာတွေမှာသာမကဘဲ အာဆီယံအမွှေအနှစ်ဥယျာဉ်ရယ် သတ်မှတ်ထားတဲ့ အလောင်းတော်ကဿပသစ်တောမှာလည်း ဖြစ်နေခဲ့ပါတယ်။ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်ဟာ စတုရန်းမိုင် ၅၄၀ ကျော် ကျယ်ဝန်းပြီး တိရစ္ဆာန်တွေကို ဘေးမဲ့ပေးရာတောလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲ့ဒီက သစ်တောတွေလည်း ပြုန်းကုန်ပြီဖြစ်ပါတယ်။

“အာဏာသိမ်းပြီး လပိုင်းတွေအကြာမှာပေါ့။ တရက်တရက်ကို ကားတွေနဲ့ ခုတ်ပြီး သယ်ကြတာ မနည်းဘူး” လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက မဇ္ဈိမကို ပြောပါတယ်။ အလောင်းတော်ကဿပသစ်တောမှာ ကျွန်းသစ်နဲ့ သစ်မာတွေတွေ ပေါများပြီး အလောင်းတော်ကဿပနဲ့ မဝေးတဲ့ မဟာမြိုင်ကြိုးဝိုင်းမှာတော့ တရုတ်ဘက်က ကုန်သည်တွေကြိုက်တဲ့ တမလန်းသစ်တွေ အထွက်များပါတယ်။  တမလန်းသစ်မှာ အလွန်လှပတဲ့ အပွေးအရစ်လေးတွေ ရှိတာမို့ ပရိဘောဂ ထုတ်လုပ်သူများ အလွန်ဝယ်လိုအားများကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။

“သစ်ခိုးထုတ်တာတွေက အရင်တည်းက ရှိတယ်ဗျ။ ဒါပေမဲ့ ဒီလောက်တော့ စည်းမဲ့ကမ်းမဲ့ မဖြစ်ခဲ့ဘူး။ အခုက တိုင်းပြည်ပျက်သွားတာဗျ။ အလောင်းတော်ကဿပဆို အရမ်းဝမ်းနည်းဖို့ကောင်းတာ။ သစ်တောတွေကောင်း၊ တိရစ္ဆာန်တွေလည်း ခိုလှုံ၊ စစ်ကိုင်းရဲ့ သစ်တောဂေဟစနစ်အတွက်လည်း အဖိုးတန်ဗျာ။ အခုတော့ တော်တော်ထိခိုက်ကုန်တာပဲ” လို့ မန္တလေးမြို့မှာ နေထိုင်တဲ့ သစ်တောပညာရှင်တဦးက သုံးသပ်ပြပါတယ်။

 အလောင်းတော်ကဿပကြိုးဝိုင်းဧရိယာကို ၂၀၁၇ခုနှစ်တွင် ကောင်းကင်ဓာတ်ပုံမှမြင်ရပုံ
 အလောင်းတော်ကဿပကြိုးဝိုင်းဧရိယာကို ၂၀၂၃ ခုနှစ်တွင် ကောင်းကင်ဓာတ်ပုံမှမြင်ရပုံ. Photos: Mizzima

သစ်မှောင်ခိုထုတ်မှုတွေကသာ စစ်ကိုင်းရဲ့ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကို အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်။ ဒါပေမဲ့ စစ်ကိုင်းဟာ အရင်တည်းက သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေက ရှိနေခဲ့တာပါ။ အရင်က တရက်ကို အမေရိကန်ဒေါ်လာ နှစ်သန်းကျော်လောက် ဝင်ငွေရစေတဲ့ လက်ပံတောင်းတောင်ကြေးနီတောင် စီမံကိန်းဟာလည်း စစ်ကိုင်းရဲ့ စိန်ခေါ်မှုတခုပါပဲ။ ဒီစီမံကိန်းဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ သိသာထင်ရှားစွာ လည်ပတ်နေတဲ့ အခြေအနေ မရှိတော့ပါဘူး။ ဒါပေမဲ့ စီမံကိန်းနယ်မြေရဲ့ အပြင်ဘက်အထိ ခြံစည်းရိုးတွေခက်တာတွေ လုပ်ခဲ့ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဖျက်ဆီးပစ်တာတွေ စစ်တပ်က လုပ်ခဲ့ပါတယ်။ တဘက်မှာလည်းကြေးနီတွေကို စစ်တပ် အစောင့်အရှောက်နဲ့ သယ်ထုပ်တာ စီမံကိန်းကို စစ်ကောင်စီတပ်သားတွေက အကာအကွယ်ပေးတာတွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြားမကြာခဏ ပဋိပက္ခတွေ လည်းဖြစ်ပွားခဲ့ပါတယ်။

ကြေးနီးစီမံကိန်းလိုပဲ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံဟာလည်း တရုတ်အတွက် အင်မတန်အရေးပါတဲ့ စက်ရုံဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းကလည်း ဒေသခံပြည်သူတွေကို နေရာရွှေ့ပြောင်းခိုင်းတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ သဘာ၀ပတ်ဝန်းကျင်ထိခိုက်တာတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။  

ဒီစက်ရုံကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပြည်သူကာကွယ်ရေးတပ်တွေက ဇူလိုင်လကုန်က သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကြောင့် ဒီစီမံကိန်းကို အကာကွယ်စောင့်ရှောက်ပေးမယ်လို့ တော်လှန်ရေးအစိုးရဘက်က အာမခံထားရပါတယ်။ ဒီအခြေအနေ ကိုကြည့်ရင် တရုတ်စီမံကိန်းတွေဟာ လူမူနဲ့သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်ပေမဲ့  နိုင်ငံရေးအရ စီးပွားရေးအရ မြန်မာနိုင်ငံက ပဋိပက္ခမှာပါဝင်နေသူတွေက တရုတ်ကိုမလွန်ဆန်နိုင်တဲ့ အခြေအနေဟာပေါ်လွင်နေပါတယ်။

လက်ပံတောင်းတောင် ကြေးနီမိုင်းတွင်းပုံကို ကောင်းကင်မှမြင်ရပုံ. Photo: Mizzima
လက်ပံတောင်းတောင် ကြေးနီမိုင်းတွင်းပုံကို ကောင်းကင်မှမြင်ရပုံ. Photo: Mizzima

အာဏာသိမ်းမှုနောက်ပိုင်းမှာ အရင်က သဘာဝပတ်ဝန်းကျင်မှုထိခိုက်မှု၊ လူမှုဘဝထိခိုက်မှုတွေကြောင့် ရပ်တန့်ထားတဲ့ သံယံဲဇာတ စီမံကိန်းကြီးတွေ (အထူးသဖြင့်ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်း၊ ရေကာတာ စီမံကိန်းတွေ၊သံမဏိစက်ရုံတွေ၊သတ္တုတွင်းစီမံကိန်းတွေ) ဟာ အလျိုလျိုပြန်လည် စတင်ကြလာပါတယ်။

ဒီစီမံကိန်းတွေထဲမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့စီမံကိန်းတွေ အများဆုံးဝင်ပြီး တီကျစ်ကျောက်မီးသွေးစီမံကိန်း၊ ပင်းပက် သံမဏိစက်ရုံ၊ ဘော်ဆိုင်းသတ္တုတွင်းတွေပြန်လည်စတင်ခဲ့သလို ပြည်သူတွေ အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ ရေကာတာစီမံကိန်းကြီးတွေကို စတင်ဖို့ပြင်ဆင်လာကြပါတယ်။ ဒီလိုစီမံကိန်းတွေပြန်စတဲ့နေရာမှာ စစ်ကောင်စီသာမက တိုင်းရင်းသား လက်နက်ကိုင်တွေပါဝင်လာကြပါတယ်။

ရှမ်းပြည်နယ်ရှိ စီမံကိန်းများအခြေအနေ. Photo: Mizzima
ရှမ်းပြည်နယ်ရှိ စီမံကိန်းများအခြေအနေ. Photo: Mizzima

အာဏာသိမ်းပြီး ရှုပ်ထွေးနေတဲ့ ပဋိပက္ခတွေကြောင့် အရင်ကစီမံကိန်းတွေနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကို ပြည်သူသိအောင် လုပ်နေတဲ့၊ စီမံကိန်းတွေကို ကန့်ကွက်ဖို့ဦး ဆောင်နေတဲ့ ဒေသခံလူထုအခြေပြုအဖွဲ့အစည်းတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့အပြင် လက်နက်ကိုင်တွေရဲ့ချိန်းခြောက်မှုတွေကြောင့် နူတ်ဆိတ်နေရတဲ့အနေအထားတွေနဲ့ နေထိုင်နေရတာကြောင့် စီမံကိန်းတွေကို ပေါ်ပေါ်ထင်ထင်ပဲ လုပ်နိုင်တဲ့အခြေအနေ ဖြစ်သွားပါတယ်။ ရှမ်းမြောက်မှာ ပြီးခဲ့နှစ် အောက်တိုဘာလမှာစတင် ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်းမှာတော့ မဟာဗျူဟာကျ တရုတ်စီမံကိန်းတွေ ရဲ့နေရာတော်တော်များများကို မြောက်ပိုင်းက တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ထိန်းချုပ်မိသွားပါတယ်။ ဒီအဖွဲ့တွေဟာ တရုတ်ရဲ့သြဇာ မလွတ်ကင်းဘူးလို့ လူသိများကြပြီး နောက်ပိုင်းမှာ ဒီစီမံကိန်းတွေဟာ  သက်ဆိုင်ရာတပ်ဖွဲ့တွေနဲ့ လက်သိပ်ထိုးပြီးမှ လုပ်နိုင်တဲ့  အခြေအနေတွေကို ရောက်သွားခဲ့ပါတယ်။  

“လူထုကိုအကာအကွယ်ပေးမယ့် Rule of Law (တရားဥပဒေစိုးမိုးမှု) က ဒီအချိန်မှာ ဘာမှရှိမနေဘူး။ လူထုက ဥပဒေရဲ့အကာအကွယ်မှာရှိမနေဘူးဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ်တာတွေ လူ့အခွင့်အရေးချိူးဖောက်တာတွေရှိတယ်။ ဒါပေမဲ့ လူထုကအသံထွက်လို့မရတော့တဲ့အခြေအနေ” လို့ လက်ရှိရှမ်းပြည်မှာ ဖြစ်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်အခြေစိုက် သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားသူတဦးက ဆိုပါတယ်။ ယခုနှစ်များအတွင်း တရုတ်ဘက်မှာ သတ္တုတူးဖော်ရေး ကုမ္ပဏီများက ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လုပ်ကိုင်နေသော်လည်း ဒေသခံပြည်သူတို့အတွက် သိသင့်တဲ့အချက်အလက်များကို အမှောင်ချထားတယ်လို့ သူက ဆိုပါတယ်။

“တိုင်းပြည်က ပျက်နေတော့ လက်နက်ရှိတဲ့စစ်တပ်နဲ့ အင်အားကြီးတဲ့ သူတွေက သူတို့အကျိုးအမြတ်အတွက်ပဲ လုပ်ကုန်ရော။ သာမန်ပြည်သူတွေအတွက်ကတော့ စိုက်ပျိုးစားလို့ မရတာတွေ၊ သဘာ၀ ဘေးအန္တရာယ်ဆိုးကျိုးခံရတာတွေ ထပ်ဖြစ်နေဦးမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ အသက်ဘေးက ပိုအရေးကြီးတယ်” လို့ ရှမ်းပြည်နယ်မှ ဒေသခံစစ်ဘေးရှောင်လူငယ်တဦးက ဆိုပါတယ်။

ISP- Myanmar အဖွဲ့အစည်းရဲ့ သုသေသနတွေ့ရှိချက်တွေအရ ရှမ်းပြည်အတွင်းမှာ တရုတ်ဘက်က အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားတာတွေရော၊ လက်ရှိအနေအထားမှာ အကောင်အထည် ဖော်နေတာရော ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော်လောက် ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်ရဲ့ မြန်မာနိုင်ငံအတွင်း မြှုပ်နှံမှုတန်ဖိုးရဲ့ ထက်ဝက်ခန့်ဖြစ်ပါတယ်။

ဘယ်လိုကုစားကြမလဲ

စစ်ကောင်စီဟာ လက်ရှိအချိန်မှာတော့ စစ်ရေးအကြပ်အတည်းရော၊ စီးပွားရေးအကြပ်အတည်းပါ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကုန်သွယ်လမ်းကြောင်းများစွာကနေ ဝင်ငွေတွေရခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိအချိန်မှာတော့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းစတဲ့ ကုန်သွယ်မှုစီးဆင်းတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်နေတဲ့ ကုန်သွယ်ဂိတ်တွေ၊ နယ်စပ်ဧရိယာတွေများစွာကို ဆုံးရှုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဒီလိုမျိုး ကုန်သွယ်ဂိတ်တွေ ဆုံးရှုံးလာခဲ့တာဖြစ်ပြီး လက်ရှိအခြေ အနေမှာတော့ အရေးကြီးတဲ့ ကုန်သွယ်ဂိတ် ငါးခုကို လက်လွတ်ခဲ့ရပါတယ်။  မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးပိုင်းမှာ ကုန်သွယ်ဂိတ်ပေါင်း ၁၇ ခုရှိတဲ့အထဲက အဲ့ဒီ ငါးဂိတ်ဟာ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းအထိနီးပါး ကုန်စည်စီးဆင်းမှု အားကောင်းတဲ့ ဂိတ်တွေလည်း ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က မြ၀တီဂိတ်ကို စစ်ကောင်စီက လက်လွတ်ခဲ့ရပေမဲ့ ကရင်နယ်ခြားစောင့်တပ်နဲ့အတူ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကလို ကုန်သွယ်စီးဆင်းမှုအားကောင်းတဲ့ အခြေအနေမျိုး ပြန်မရရှိသေးပါဘူး။ တချို့သော ကုန်သွယ်ဂိတ်တွေဟာလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေသေးတယ်ဆိုပေမဲ့ ကုန်စည်စီးဆင်းမှုတော့ ရပ်တန့်နေပါတယ်။

အာဏာသိမ်းစဉ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ ဒေါ်လာစျေးဟာ ကျပ် ၁၃၃၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကျပ် ၆၀၀၀ ကျော်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ World Bank ရဲ့ အစီရင်ခံစာမှာလည်း ပဋိပက္ခတွေ၊ အလုပ်သမား ရှားပါးမှုတွေ၊ ငွေကြေးတန်ဖိုး မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခက်ခဲလွန်းနေကြောင်း ထောက်ပြခဲ့ပါတယ်။ ၂၀၂၃-၂၄ မှာ ဆင်းရဲမွဲတေမှုက ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလိုမျိုးစီးပွားရေးအရ ချွတ်ခြုံကျနေတဲ့ အခြေအနေမှာ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သယံဇာတဆုံးရှုံးမှုတွေအကြောင်းဟာ အရေးတယူလုပ် တင်ပြကြဖို့ ကုစားကြဖို့  လိုအပ်နေပါလား၊ ဒီထက်ပိုအရေးကြီးတဲ့အကြောင်းအရာတွေက ပိုရှိနေတာမဟုတ်ဘူးလားဆိုတဲ့ ယူဆချက်တွေက ခုခံစစ် ဆင်နွှဲနေသူတွေဘက်မှာလည်း ရှိနေပါတယ်။ ဒါပေမဲ့ ပဋိပက္ခတွေနဲ့အတူ အကျိုးစီးပွား ရယူနေသူတွေကြောင့် သယံဇာတဆုံးရှုံးမှုကတော့ အဖက်ဆယ်ဖို့ ခက်ခဲနေခဲ့ပါပြီလို့ သဘာ၀ပတ်ဝန်းကျင်ပညာရှင်တဦးက ဆိုပါတယ်။

“တကယ်က ဘာမှ လုပ်လို့ မရတော့ဘူးဗျ။ သေသေချာချာ မွေးမြူရင်တောင် အချိန်အကြာကြီး လုပ်ရမှာလေ။ အခုက ဘာမှကို လုပ်လို့ မရတော့ဘူး။ တရုတ်ကလည်း ရသလောက် ဝယ်နေတာ” လို့ ၎င်းက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်က မြေရှားဟာ တရုတ်ဆီကိုပဲ ဦးတည်နေရသလို၊ စစ်ကိုင်းနဲ့ ပဲခူးရိုးမက သစ်တွေရဲ့ အများဆုံးလားရာဟာလည်း တရုတ်ဆီပဲ ဖြစ်နေခဲ့ပါတယ်။

“တော်လှန်ရေးဆင်နွှဲနေသူတွေထဲမှာ  သဘာ၀ပတ်ဝန်းကျင်ကို နားမလည်တဲ့သူတွေချည်း မဟုတ်ဘူး။ တချို့က အတော့်ကို သိတာ။ ဒါပေမဲ့ လက်နက်လိုအပ်ချက်၊ ငွေကြေးလိုအပ်ချက်တွေ ရှိလာတဲ့အပေါ်မှာ ဒီလမ်းကိုပဲ ရွေးကြရတော့တာ။ အဲ့ဒါကြောင့် အဖက်ဆယ်ဖို့ ခက်ခဲသွားပြီလို့ ပြောချင်တာ” လို့ အဆိုပါ သဘာ၀ပတ်ဝန်းကျင် ပညာရှင်က ရှင်းပြပါတယ်။

တရုတ်ဘက်ကလည်း တော်လှန်ရေးမှာ ဩဇာရှိတဲ့အခြေအနေတစ်ရပ်ကို မိမိရရ ဆုပ်ကိုင်ထားနိုင် တာဖြစ်ပြီး တရုတ်သူဌေးတွေဟာ ဒီအခြေအနေတွေပေါ်မှာ အကောင်းဆုံးချယ်လှယ်နေနိုင်တာ တွေ့ရတယ်လို့ စစ်ကိုင်းတော်လှန်ရေးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။ တရုတ်ဘက်ကို ရောင်းတဲ့ သစ်တွေကနေရတဲ့ ငွေကြေးဟာလည်း လက်နက်ဝယ်ယူဖို့အတွက် အများကြီးအထောက်အကူဖြစ် တယ်လို့ ဆိုပါတယ်။

“သစ်ကားတွေလည်း နေတိုင်း ကချင်ဘက်ကနေ တရုတ်ကို ထွက်နေတာ။ ဘယ်အဖွဲ့မဆို သူတို့ထိန်းထားတဲ့နေရာက သစ်တွေကို တရုတ်သူဌေးတွေဆီ ရောင်းလိုက်ရုံပဲ။ သယ်တာတွေ၊ လမ်းကြောင်းရှင်းတာတွေ သူတို့ပဲ တာဝန်ယူလုပ်တယ်” လို့ သူက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ သဘာ၀ပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်း​ရေးနဲ့ သဘာ၀သယံဇာတတွေအပေါ် မူဝါဒခိုင်ခိုင်မာမာနဲ့ စီမံခန့်ခွဲအသုံးပြုနိုင်ဖို့ဆိုတဲ့ ခရီးဟာ အမြဲတစေ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါပေမဲ့ ဒီတကြိမ်ကြုံတွေ့ရတဲ့ ပုဒ်စာကတော့ အတော့်ကို ခက်ခဲလွန်းတယ်လို့ ဆိုရပါမယ်။ နိုင်ငံရေး အလှည့်အပြောင်း၊ တော်လှန်ရေးရဲ့ အလင်းရောင်စတဲ့ မျှော်လင့်ချက်တွေကြားထဲမှာ ကိုယ့်အသား ကိုယ်ပြန်လှီး ကြသလို၊ ကိုယ့်ဘ၀တွေ ကိုယ့်ကိုယ်တိုင် ပြန်ပစ်ချကြသလိုမျိုး သယံဇာတတွေ ရင်းနှီးပြီး အဖြေရှာရတဲ့ အခြေအနေတွေဟာ ဆက်သွားနေဦးမှာပဲ ဖြစ်ပါတယ်။

This story was last updated on: May 13, 2026 1:17 AM
ဤဇာတ်လမ်းကို ICFJ လက်အောက်ရှိ AIR Network ၏ပံ့ပိုးမှုဖြင့် Mizzima မှ ထုတ်လုပ်ခဲ့ပြီး မူလက သြဂုတ်လ 19 ရက်၊ 2024 
ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ ၎င်းအား Asian Dispatch မှ ခွင့်ပြုချက်ဖြင့် ပြန်လည်ထုတ်ဝေခဲ့ပြီး 
ဘာသာစကားနှင့် အကြောင်းအရာအတွက် အသေးစားတည်းဖြတ်မှုများ ပြုလုပ်ခဲ့ပါသည်။